ငါ့ မင်း ဆီ လာ ခဲ့ ဘို့ လ ပေါင်း ၆၀၀ ကျော် အ ချိန် ယူ ခဲ့ ရ တယ်
ရောက် လာ တော့ေ ကျာက် ဆောင် တန်း တ ချို့ နဲ့ လ တ ခြမ်း သာ သာ ရယ်......
ခင် အောင် အေး May 21, 2013
သမုဒ္ဒယာကို
ငေးခြင်း ၁
မျက်စေ့တစ်ဆုံးအထိ
မီးခိုးပြာရောင် မှုန်မှိုင်းရေပြင်ကျယ်
လှိုင်းခေါင်းဖြူတွေနဲ့
အနားသတ်ပေးထားတဲ့ သောင်ပြန့်ပေါ်
ရေညှိတက်
သက်ရင့်ကျောက်တန်း စုစုတွေ ဟိုသည်တွေ့ရ
ကျောက်စွန်းတစ်ခုမှာတော့
ရိပြဲနေတဲ့ ဖြူတူတူ အ၀တ်စ တစ်စ ၁၁း၀၅
သမုဒ္ဒယာကို
ငေးခြင်း ၂
မိန်းမောကြည့်ငေးနေရင်း
ကန့်လန့်ဖြတ်
ပျံလာတဲ့ ပင်လယ်စင်ရော်တစ်ကောင်
မြူပါးပါးနောက်က
ကောင်းကင်မှုန်မှိုင်းထဲ
ထိုးစိုက်ဝင်ရောက် ပျောက်ကွယ်သွား ၁၁း၁၁
သမုဒ္ဒယာကို
ငေးခြင်း ၃
မင့်
အပြောကျယ်မှု၊ အဆုံးအစမရှိမှုထဲ
ဂမူးရှူးထိုး
ခုန်ပေါက် ပျော်ဝင်သွား ၁၁း၂၇
သမုဒ္ဒယာကို
ငေးခြင်း ၎
ပြေလျောဆင်းသွားတဲ့
သဲသောင်ပေါ်
ပင်လယ်စင်ရော်တစ်ကောင်ဟာ
ပေစောင်းစောင်းနဲ့ရပ်နေ
လှိုင်းပုတ်သံကို
ဗီသိုဗင်တေးသွားအမှတ်နဲ့
နားဆင်နေဟန် ၁၁း၄၂
သမုဒ္ဒယာကို
ငေးခြင်း ၅
အဝေးကြီးက
လာခဲ့တယ်
ဝေဟင်ခရီးနဲ့
လာခဲ့တယ်
ရောက်ပြီလို့
ထင်စားမိခဲ့တာ
ခုမှ
အစ နေရာမှာ ရပ်မိရုံရှိသေးလို့ သဘောပေါက်သွားမိ ၁၁း၅၁
သမုဒ္ဒယာကို
ငေးခြင်း ၆
ရွရွလှုပ်လှုပ်
ခဲသားပြာ ရေပြင်ကျယ်ကြီးနဲ့
သူ့ထက်
နည်းနည်း အရောင်ဖျော့ကောင်းကင်
ထူအအကြီးကို
အကြာကြီး
စူးစိုက် အာရုံဝင်စားနေမိရာ
ငါ့
ကျောဖက်က နယူးယောက်မြို့ကြီးဟာ
ဖွဲနဲ့ဇကွဲမျှသာ။ ၁၂း၀၉
သမုဒ္ဒယာကို
ငေးခြင်း ၇
အကြည့်ကို
နည်းနည်း နှိမ့်လိုက်စဉ်
ရေညှိတက်
သက်ရင့် ကျောက်တန်းစွန်းပေါ် စာကလေး
ပြီးတော့
- ကွင်းထိုးဖိနပ်ထဲ
ထိုးစွတ်ထည့်ထားတဲ့
ရွတ်တွ
အရုပ်ဆိုးဆိုး င့ါ ညာဖက်ခြေထောက်။ ၁၂း၁၂
သမုဒ္ဒယာကို
ငေးခြင်း ၈
ကဗျာစိတ်ဟာ
ခေါင်ဖျားထိ ရောက်တယ်လို့
သွေးကြီးခဲ့တဲ့
ငါဟာ
ဟော့ဒီ
သမုဒ္ဒယာရဲ့ရှေ့မှောက်မှာ
မာန်ကျခဲ့ပြီ
လှိုင်းဟာ
ကမ်းစပ်မှာ ၀ပ်စင်းသွားတဲ့ ပုံဟန်မျိုး ၁၂း၁၉
ခင်အောင်အေး
၂၂၊
မေ၊ ၂၀၁၃
အန္တလန်တိတ်သမုဒ္ဒယာကမ်းခြေ၊
နယူးယောက်
No comments:
Post a Comment