Thursday, May 23, 2013

Atlantic Ocean & Khin Aung Aye

Gazing at the Ocean  by Khin Aung Aye.






ငါ့ မင်း ဆီ လာ ခဲ့ ဘို့ လ ပေါင်း ၆၀၀ ကျော် အ ချိန် ယူ ခဲ့ ရ တယ်
ရောက် လာ တော့ေ ကျာက် ဆောင် တန်း တ ချို့ နဲ့ လ တ ခြမ်း သာ သာ ရယ်......


ခင် အောင် အေး May 21, 2013


သမုဒ္ဒယာကို ငေးခြင်း

မျက်စေ့တစ်ဆုံးအထိ မီးခိုးပြာရောင် မှုန်မှိုင်းရေပြင်ကျယ်
လှိုင်းခေါင်းဖြူတွေနဲ့ အနားသတ်ပေးထားတဲ့ သောင်ပြန့်ပေါ်
ရေညှိတက် သက်ရင့်ကျောက်တန်း စုစုတွေ ဟိုသည်တွေ့ရ
ကျောက်စွန်းတစ်ခုမှာတော့ ရိပြဲနေတဲ့ ဖြူတူတူ အ၀တ်စ တစ်စ                                         ၁၁း၀၅

 
သမုဒ္ဒယာကို ငေးခြင်း

မိန်းမောကြည့်ငေးနေရင်း
ကန့်လန့်ဖြတ် ပျံလာတဲ့ ပင်လယ်စင်ရော်တစ်ကောင်
မြူပါးပါးနောက်က ကောင်းကင်မှုန်မှိုင်းထဲ ထိုးစိုက်ဝင်ရောက် ပျောက်ကွယ်သွား                    ၁၁း၁၁
 

သမုဒ္ဒယာကို ငေးခြင်း

 ငါ့ အရူးစိတ်က
မင့် အပြောကျယ်မှု၊ အဆုံးအစမရှိမှုထဲ
ဂမူးရှူးထိုး ခုန်ပေါက် ပျော်ဝင်သွား                                                                             ၁၁း၂၇
 

သမုဒ္ဒယာကို ငေးခြင်း

ပြေလျောဆင်းသွားတဲ့ သဲသောင်ပေါ်
ပင်လယ်စင်ရော်တစ်ကောင်ဟာ ပေစောင်းစောင်းနဲ့ရပ်နေ
လှိုင်းပုတ်သံကို ဗီသိုဗင်တေးသွားအမှတ်နဲ့ နားဆင်နေဟန်                                             ၁၁း၄၂
 

သမုဒ္ဒယာကို ငေးခြင်း

အဝေးကြီးက လာခဲ့တယ်
ဝေဟင်ခရီးနဲ့ လာခဲ့တယ်
ရောက်ပြီလို့ ထင်စားမိခဲ့တာ
ခုမှ အစ နေရာမှာ ရပ်မိရုံရှိသေးလို့ သဘောပေါက်သွားမိ                                                ၁၁း၅၁
 

သမုဒ္ဒယာကို ငေးခြင်း

ရွရွလှုပ်လှုပ် ခဲသားပြာ ရေပြင်ကျယ်ကြီးနဲ့
သူ့ထက် နည်းနည်း အရောင်ဖျော့ကောင်းကင် ထူအအကြီးကို
အကြာကြီး စူးစိုက် အာရုံဝင်စားနေမိရာ
ငါ့ ကျောဖက်က နယူးယောက်မြို့ကြီးဟာ ဖွဲနဲ့ဇကွဲမျှသာ။                                                ၁၂း၀၉

 
သမုဒ္ဒယာကို ငေးခြင်း

 ရေပြင်ကြီးဖက် ငေးနေမိရာက
အကြည့်ကို နည်းနည်း နှိမ့်လိုက်စဉ်
ရေညှိတက် သက်ရင့် ကျောက်တန်းစွန်းပေါ် စာကလေး
ပြီးတော့ - ကွင်းထိုးဖိနပ်ထဲ ထိုးစွတ်ထည့်ထားတဲ့
ရွတ်တွ အရုပ်ဆိုးဆိုး င့ါ ညာဖက်ခြေထောက်။                                                               ၁၂း၁၂


သမုဒ္ဒယာကို ငေးခြင်း


ကဗျာစိတ်ဟာ ခေါင်ဖျားထိ ရောက်တယ်လို့
သွေးကြီးခဲ့တဲ့ ငါဟာ
ဟော့ဒီ သမုဒ္ဒယာရဲ့ရှေ့မှောက်မှာ မာန်ကျခဲ့ပြီ
လှိုင်းဟာ ကမ်းစပ်မှာ ၀ပ်စင်းသွားတဲ့ ပုံဟန်မျိုး                                                             ၁၂း၁၉
 

ခင်အောင်အေး
၂၂၊ မေ၊ ၂၀၁၃   အန္တလန်တိတ်သမုဒ္ဒယာကမ်းခြေ၊ နယူးယောက်

 

No comments:

Post a Comment